အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။
သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ
သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့
- ကိုယ့်ရဲ့ စားသောက်မှုပုံစံ
- ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12)
- ကိုယ်လက်လှုပ်ရှားမှု
- အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ
အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် ပျစ်မပျစ်ကို အတိအကျ သိနိုင်တဲ့ နည်းလမ်းကတော့ Semen Analysis လို့ခေါ်တဲ့ သုက်ရည်စစ်ဆေးတာပဲ ဖြစ်ပါတယ်။
အမြင်အားဖြင့်ဆိုရင်တော့
- သုက်ရည်က ပုံမှန်ထက် သိသိသာသာပိုပျစ်လာတာ
- အရည်လို ထွက်လာရမယ့်အစား ခပ်ပျစ်ပျစ်အနှစ်အနေနဲ့ ထွက်လာတာ
- အဖက်လေးတွေ၊ အခဲလေးတွေ ပါလာတယ်ဆိုရင် သုက်ရည်ပျစ်တယ်လို့ သံသယရှိသင့်ပါတယ်။
သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းများ
သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ
- ရေဓာတ်နည်းတာ
သုက်ရည်က ရေပမာဏများများနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်နည်းမယ်ဆိုရင် သုက်ရည်လည်း ပျစ်လာမှာဖြစ်ပါတယ်။ ရေဓာတ်နည်းတဲ့အခါ
-ရေဆာတာ
-အာခြောက်တာ
-နုံးတာ
-ဆီးနည်းတာ
-ဆီးအရောင်ရင့်တာတွေ ခံစားရတတ်ပါတယ်။
ဒါကြောင့် ထူးထူးခြားခြား လက္ခဏာတွေ မရှိပါဘဲနဲ့ သုက်ရည်ပျစ်တယ်ဆိုရင် ရေများများသောက်ကြည့်ပါ။ ရေဓာတ်ပြည့်ဝလာရင် ပုံမှန်အတိုင်း ပြန်ဖြစ်လာပါလိမ့်မယ်။
- ဟော်မုန်းမညီမျှတာ
သုက်ရည်မှာ ဟော်မုန်းတွေပါသလို သုက်ရည်ထုတ်လုပ်မှုကိုလည်း ဟော်မုန်းတွေက လွှမ်းမိုးထားပါတယ်။ သုက်ရည်မှာ တက်စတိုစတီရုန်း၊ စတီးရွိုက်စတဲ့ ဟော်မုန်းတွေပါဝင်ပြီး ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံ၊ အသက်အရွယ် စတာတွေက ဟော်မုန်းအပေါ် သက်ရောက်မှု ရှိပါတယ်။
ဒီဟော်မုန်းတွေ မျှခြေပျက်တဲ့အခါ သုက်ရည်ပျစ်တာအပြင်
–လိင်စိတ်နည်းတာ
–လိင်တံမထောင်မတ်နိုင်တာ
-ကြွက်သားတွေ ကျုံလှီလာပြီး လူက ပိန်လာတာ
-နုံးတာ စတာတွေကို ခံစားရတတ်ပါတယ်။
ဒါကြောင့် သုက်ရည်ပျစ်တာနဲ့အတူ ဒီလက္ခဏာတွေပါ ခံစားနေရရင် နီးစပ်ရာဆရာဝန်နဲ့ ပြသပါ။ တစ်ဖက်မှာလည်း အာဟာရပြည့်ဝအောင်စားပါ။ အိပ်ရေးဝဝအိပ်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။
